မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, November 14, 2012

သုတထူး ဟု ခေါ်လေသည်



အင်မတန် နာမည်ကြီးတဲ့ လက္ခဏာဆရာကြီး တစ်ဦး ရဲ့ သား၊ နာမည်ကျော် လက္ခဏာပညာရှင်ကြီး တစ်ဦးက  …နာမည်ပေးလိုက်တာလို့ ဆိုပါတယ်။ သူပေးလိုက်တာ မဟာဘုတ် နာမက္ခရ နည်းစနစ် စတာတွေနဲ့ ကိုက်ညီပြီး ၊ ရာဇ နဲ့ အထွန်းကို ပေးလိုက်တာဖြစ်ပါမယ်။ သောကြာနံ အစ + စနေနံ အဆုံး မောင်သုတထူးလို့ အမည်ပေးလိုက်တာကို တွေ့ရပါတယ်။

ဆိုတော့ …မောင်ဖုန်းလည်း အမည်ပေးအလုပ် ကို လုပ်နေရတာပါပဲ။ ဒီအထဲမှာလည်း တိုက်တိုက်ဆိုင်ဆိုင် မောင်ဖုန်းလည်း သုတထူးဆိုတဲ့ နာမည်လေးတစ်ခုကို သောကြာနေ့ဖွား ယောကျာ်းလေးတစ်ယောက် အတွက် စဉ်းစားပေးခဲ့မိပါသေးတယ်။

လက်ရှိမြန်မာခုနှစ် ၁၃၇၃ခုနှစ် ဟာ တစ်ခုကြွင်း မဟာဘုတ်ဇာတာခွင် နှစ်ဖြစ်တာမို့  စနေထွန်းပြီး သောကြာရာဇမှာ ရပ်တည်ထားပါတယ်။ ဒါကြောင့် ဗေဒင်မမေးလိုက်နဲ့ မေးလိုက်တာနဲ့ …. လွယ်လွယ် ကူကူ … စနေနံ နာမည်အဆုံးသတ်ပြီး မှည့်ပေးတာ ခံရဖို့ များလှပါတယ်။

ခက်တာတစ်ခုကတော့ ….အဆိုပါစနေနံ ဖြင့် အဆုံးသတ်မှည့်ခေါ်ခြင်းကို မွေးနံအားလုံးမှာ မှည့်ခေါ်အပ်တာ မဟုတ်ဘူး ဆိုတာ မသိကြတာပါပဲ။
စကားစပ်မိလို့  ပြောပြရရင် … စာရေးသူကိုယ်တိုင်က တစ်ခုကြွင်းဖွား အင်္ဂါသိုက်ဖွား ဖြစ်တာကြောင့် …နာမည်အဖျား  စာလုံး ထွန်းက  အထွန်းမှာ ရပ်ထားတဲ့ ဖွားဇာတာရှင်တစ်ဦးပါ။ မှန်ပါတယ် ။ ကောင်းပါတယ်။ နာမည်အဖျားစာလုံး အထွန်းမှာ ရပ်တဲ့အကျိုးကိုလည်း ခံစားရပါတယ်။  ငယ်စဉ်ကတည်းက …. ကလေးအများစုထဲမှာ နည်းနည်းထူးခြားပြီး ခေါင်းဆောင် အကြီးအမှုးသဖွယ် ရပ်တည်ခဲ့ရပါတယ်။ အများက အသိမှတ်ပြုခံရမှုတွေ ၊ အလေးထားခံရခြင်းတွေ စသည်ဖြင့် အထွန်းစနေရဲ့ အကျိုးကို ခံစားခဲ့ရပါတယ်။ သို့သော်……………………….အခြားတစ်ဖက်မှာလည်း အထွန်းစနေနဲ့ ပက္ခ မိနေတဲ့ တနင်္လာရဲ့အားနည်းမှုကိုလည်း တစ်သက်လုံး လှိမ့်ပိမ့်နေအောင် ခံရတော့တာပါပဲ။
အနှစ်ချုပ်တိုတိုနဲ့ပဲ သတိပေးပါ့မယ်။ အထွန်းမှာ ရပ်တည်တဲ့ စနေနဲ့ နာမည်အဖျား စာလုံးပြု မှည့်ခေါ် မယ်ဆိုရင် …..တနင်္လာအားနဲမှုကိုလည်း ကြုံပါမယ်။ နာမည်အဖျားစာလုံးကို ဘာပဲသုံးသုံး ဂြိုဟ်တစ်လုံး ကတော့ အားနည်းမှာ အမှန်ပါပဲ။ ထိုနည်းတူ …နာမည်အဖျားစာလုံးကို စနေသုံးလိုက်တာနဲ့ တနင်္လာ အားနည်းစေမှာ ကို သတိပြုပါ။ ဒီအဆင့်ထိက အရေးမကြီးသေးပါ။
အရေးကြီးတဲ့အချက်ကတော့ …. အထက်ပါအတိုင်း နာမည်အဖျားစာလုံး စနေနံ နဲ့ မှည့်ခေါ်လိုက်သော ဇာတာရှင်ဟာ  အောက်ပါမွေးနေ့ မွေးနံမျိုးတွေ လုံးဝ မဖြစ်သင့်ပါ။

(၁)  တနင်္ဂနွေ
(၂) တနင်္လာ
(၃) ဗုဒ္ဓဟူး/ရာဟု (အထူးသဖြင့် မိန်းကလေး ဇာတာရှင်)
လူ့ဘ၀က အရမ်း တိုတောင်းပါတယ်။ တိုတောင်းတဲ့လူ့ဘ၀လေးထဲကို ဖြတ်သန်းချိန်လေးမှာလည်း …ဘ၀ဟာ အရမ်း  ပင်ပန်းစေလှပါတယ်။ ဒီနှစ်မျိုးထဲမှာ မွေးဖွားလာတဲ့ ကလေးသူငယ်လေးတွေထဲက တနင်္ဂနွေနေ့ဖွား ကလေးသူငယ်များကို နာမည်အဖျားစာလုံး စနေနံ နဲ့ မပေးမိကြဖို့ မေတ္တာရပ်ခံပါရစေ။  ပက္ခမိခြင်းကြောင့် အားနည်းလာမယ့် တနင်္လာ ဟာ …တနင်္ဂနွေနေ့မှာ မွေးဖွားလာသော ကလေးသူငယ်များ အတွက် အလွန်အရေးပါတဲ့ အညွန့်ဂြိုဟ် ၊ အာယုဂြိုဟ် ဖြစ်နေတာ ကြောင့်ပါပဲ။

မှည့်လိုက်ပြီဆိုတာနဲ့ တစ်သက်လုံးမှာ အဆိုပါကလေးငယ်တွေဟာ .. စနေရဲ့ ဒဏ်ကို အလူးအလိမ့် ခံစား ရတော့မှာပါ။ တစ်ဖြည်းဖြည်း အစာမ၀င်တာ၊ အစားနည်းလာတာ၊ ကျန်းမာရေး နာတာရှည်ဝေဒနာမျိုးကဲ့သို့ ကာလရှည်ကြာ ကုစားရမယ့် ဝေဒနာအချို့ သက်ရောက်လာတာမျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။ အလားတူပဲ .. ကလေးရဲ့ဘ၀မှာ သူအလိုရှိရာ သူလိုလားကြိုးစာရာမှန်သမျှ တစ်ခုမှ လွယ်လွယ်ကူကူ မရရှိစေတတ်တဲ့ အကျိုး နဲ့ တည့်တည့်တိုးစေနိုင်တော့တာပါပဲ။  ခု ကျွန်တော်ပြောနေတာတွေကိုလည်း အရမ်းကာရော မယုံကြည်ကြပါနဲ့။ အထက်မှာ ရေးသားဖော်ပြခဲ့တာတွေကိုလည်း စုံစုံစိစိ သေချာဖတ်ပြီးမှ ဟုတ်တန်၏ မဟုတ်တန်၏ မိမိတို့ ဥာဏ်နဲ့ သေချာတွေးကြည့်ပြီးမှ လက်ခံနိုင်ရင် လက်ခံပါ။
ဒီဆောင်းပါးက ကလေးမိဘတွေအတွက် အဓိက ရည်ရွယ် ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်ပါ။ ဆက်လက်ပြီး ရေးသားလိုတာကတော့ ……အဆိုပါအမည်မျိုးကို  တနင်္လာသားသမီးတွေကိုလည်း လုံးဝ မမှည့်ခေါ်ပေး သင့်ပါ။ နာမည်အဖျားစာလုံး မွေးနံကို ပက္ခ မိခြင်းဟာ …(မိမိကိုယ်ကိုယ် ထိခိုက်နစ်နာစေအောင် ပြုလုပ်မိခြင်းမျိုး/ သိပ်ဆိုးရွားခဲ့ရင် မိမိကိုယ်ကိုယ် နာကျင်စေ၊ သေကြေစေရန် လုံ့လပြုခြင်းမျိုး ) ဖြစ်လာစေပါတယ်။ ဒီအချင်းအရာနဲ့ ပတ်သက်လို့တော့ မိမိအသက်ကို မိမိရန်ရှာမှုပြုခဲ့သော ဇာတာ မှတ်တမ်းအချို့ကို .. နောင်ဆောင်းပါး တစ်ပုဒ်မှာ ကျွန်တော် ထပ်ဆင့်ရေးသား ဖော်ပြပေးပါ့မယ်။

တနင်္လာသားသမီးတို့အကြောက်ဆုံး ဂြိုဟ်ဟာ စနေဂြိုဟ် ဖြစ်ပြီး၊ ဒီနှစ်လိုမျိုး  စနေ+ တနင်္လာ ပက္ခ မိနေတဲ့ နှစ်မျိုးမှာ …စနေနံ နဲ့ အမည်မှည့်လိုက်တာဟာ တနင်္လာနေ့ဖွား ကလေးသူငယ်များ အဖို့တော့ ကျိန်စာ တိုက်လိုက်တာနဲ့ အလားသဏ္ဍန်တူပါတယ်။ ဘာတွေ ဘယ်လောက်ဆိုးစေနိုင်တယ် ဆိုတာ ကျွန်တော် ရေးပြနေရင် အရမ်းများသွားနိုင်ပါတယ်။ မမှည့်အပ်ပါ။ မှည့်လိုက်တာနဲ့ အသက် ၄၀ ကနေ ၅၀ အတွင်း မှာ အဆိုပါကျိန်စာ ရဲ့ အပြင်းဆုံး ရိုက်ခတ်မှုကို မလွှဲမသေ ဧကန် ခံစားရပါမယ်။ မိန်းကလေးဇာတာရှင်မျိုး ဖြစ်ခဲ့မယ်ဆိုရင် ပိုဆိုးပါတယ်။ ထားပါတော့။ မလုပ်ပါနဲ့။ ဖြစ်နိုင်သေးရင် ….ပြောင်းပြီးမှည့်ပေးဖို့ ဆိုင်ရာ မိဘများမှ ကြိုးစားကြပါ။

သူတို့လောက် မဟုတ်သည့်တိုင်အောင် …ဆိုးအားသက်ရောက်မှု များစေနိုင်တာကတော့ ဗုဒ္ဓဟူး/ရာဟု သားသမီးများ ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဟူး /ရာဟု သားသမီးတွေ အတွက် စနေနံ နာမည် အဖျားစာလုံး ပြုမှည့်ခေါ် လိုက်ခြင်းအားဖြင့် ..(ယခုနှစ်ကဲ့သို့ တစ်ခုကြွင်းနှစ်မျိုးတွင် ဆိုလိုသည်) .. အိမ်ထောင်ရေး ပြဿနာကို  အဓိက ဖြစ်ပွားစေပါတယ်။ မိန်းကလေးဇာတာရှင်တွေ ပိုမို ရှောင်ရှားသင့်ပါတယ်။ ရာဟု သားသမီးတွေ အတွက် ပိုမို ဆိုးအားပြင်းထန်ပါတယ်။ အငယ်အနှောင်းကဏ္ဍတွေ၊ တရားမ၀င် အရှုပ်အထွေး တွေ လက်ယပ်ဖိတ်ခေါ်လိုက်သလို….ဖြစ်လာစေပါတယ်။

ကဲ …ဒါပါပဲ။ ဆောင်းပါးတစ်ပုဒ်ရေးရတာလည်း မလွယ်ကူပါ။ စာဖတ်သူတွေ နားလည်အောင်လည်း ကြိုးစား ပေးရသလို …ရေးသင့်မရေးသင့် ပြဿနာတွေလည်း ရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦး အတိုက်အခံ လုပ်တယ်လို့လည်း အထင်လွဲခံရနိုင်ပါတယ်။ ပညာရှင်တွေကို တိုက်တွန်းလိုတာကတော့ ….စာအုပ်ထဲ ပါတာလောက်နဲ့ အလုပ်မလုပ်ကြပါတော့နဲ့။  သိသည်ထက် သိအောင် မြင်အောင် ကြိုးစားပြီးမှ ကုသိုလ်လည်းရ ၀မ်းလည်းဝ ဖြစ်ဖို့ …အားထုတ်ကြပါလို့ ဆိုပါရစေ။

ကနဦးအစမှာ ဆိုခဲ့တဲ့    အင်မတန် နာမည်ကြီးတဲ့ လက္ခဏာဆရာကြီး တစ်ဦး ရဲ့ သား၊ နာမည်ကျော် လက္ခဏာပညာရှင်ကြီးတစ်ဦးကတော့ … တနင်္လာနေ့ဖွား ကလေးငယ်တစ်ဦးကို သုတထူး ဆိုပြီး မှည့်ခေါ် ပေးလိုက်တာကို တွေ့လိုက်ရပါတယ်။

ခပ်ပြတ်ပြတ်ပြောရရင်တော့ ….. အဆိုပါ ဆရာကြီး ပညာရှင်ကြီး အမည်ခံထားသူဟာ တစ်ကယ် မလေ့လာ မအားထုတ်ဘူး ဆိုတာ သေချာပါတယ်။ အားထုတ်လေ့လာရင် သိမြင်နိုင်ပါတယ်။ တစ်ခုခု ပြောလိုက်ရင် ဒါကျမ်းလာတိုင်းပဲကွ  ဆိုပြီးလည်း ဘူးခံငြင်းကြဦးမှာပါပဲ။ ကျွန်တော် အပါအ၀င် အားလုံးသော လေ့လာသူတွေ ဒီ့ထက် ဒီ့ထက်မက လေ့လာအားထုတ်နိုင်ကြဖို့တော့ လိုလိမ့်ဦးမယ် လို့ ယူဆရင်းဖြင့်။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

No comments:

Post a Comment