ဘ၀တစ်ခု
အစပြုလိုက်ပြီးတဲ့နောက်မှာ …များမကြာမီ ထိုဘ၀ပိုင်ရှင်ကို အမည်သညာတစ်ခု
စတင် မှည့်ခေါ် ပေးကြရပါတယ်။ လူစိတ်ကင်းမဲ့တဲ့ မိဘအချို့က လမ်းဘေးမှာ
စွန့်သွားတာခံလိုက်ရတဲ့ ဘ၀လေးတစ်ခု မှာတောင် အမည်လေးတစ်ခုတော့
ပိုင်ဆိုင်လာပါတယ်။
တစ်ချို့တွေက အမည် ကို တန်ဖိုးထားကြတယ်။ တစ်ချို့တွေက … အမည်ကို တန်ဖိုးမထားကြပါ။ တစ်ချို့တွေက အမည် ဆိုတာ အရေးမကြီးဘူးလို့ သတ်မှတ် ယူဆကြပြီး ၊ အချို့ကတော့ အမည်ဆိုတာ အရေးပါတဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအဖြစ် အရာသွင်းကြပြန်ပါတယ်။ လူသာ အသေခံမယ် အမည်တော့ အသေ မခံဘူး ဆိုတဲ့ သူမျိုးတွေ ရှိသလို … နာမည်ပျက်ပျက် ဘာပျက်ပျက် တစ်စက်မှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းကြသူတွေ ကလည်း လောကမှာ အပုံအပင်။
တစ်ချို့က အမည်ကို လှမှ ကြိုက်တယ်။ တစ်ချို့က အမည်ကို အဓိပ္ပါယ် ကောင်းကောင်းလေး နဲ့မှ မှည့်ချင် ကြတယ်။ တစ်ချို့က အမည်ကို တော်သလို ရော်သလို ပေးပစ်လိုက်ကြပြီး၊ တစ်ချို့ကတော့ အမည်ကို သေသေချာချာ စဉ်းစားပြီးမှ ပေးတတ်ကြပြန်တယ်။ တစ်ချို့က အမည်တွေဟာ ကံအကြောင်းအကျိုး ဆက်စပ်မှု မျိုးကို ဖော်ပြနိုင်တယ် လို့ ယူဆကြပြီး၊ တစ်ချို့ကတော့ အမည်တွေနဲ့ ကံ ဘာမှမဆိုင်ဘူး လို့ ယုံကြည်နေကြပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ် လူ့လောက ရောက်လာပြီးတဲ့နောက်မှာတော့ ဘယ်ဘ၀ပိုင်ရှင်မျိုးမဆို …အမည်တစ်ခုတော့ စတင် မှည့်ခေါ်လိုက်ကြရ စမြဲပါ။
အမည်များ ကို လေ့လာပါ
ဗေဒင်ပညာလိုက်စားသူများပဲ ဖြစ်စေ ၊ မလိုက်စားသူများပဲ ဖြစ်စေ ….အမည်များ နှင့် ကံတရား ဟူသည်တို့ ဆက်နွယ်မှု အမှန်တစ်ကယ် ရှိမရှိကို သိလို၊ အဖြေထုတ်လိုပါက အမည်များကို လေ့လာပါမှသာ သိရှိနိုင် ၊ အဖြေထုတ်နိုင်ပါလိမ့်မည်။
စူးစမ်းလေ့လာမှု မပြုဘဲ …မဖြစ်နိုင် / ဖြစ်နိုင် ငြင်းခုန်နေကြခြင်းအားဖြင့်မူ အဖြေမှန် လုံးဝ ထွက်လာ နိုင်မည် မဟုတ်ပါပေ။ စာရေးသူသည် ဖြစ်နိုင်သည် ဟု ယူဆသည့် သုတေသနသမားတစ်ဦး သာ ဖြစ်၏။ ယင်းသို့ ဖြစ်ခြင်းကြောင့် သက်သေတင်ပြသည့်အနေဖြင့် ဤဆောင်းပါးမျိုးကို ရေးသားဖြစ်သည်ကား မဟုတ်ပေ။
ကျွန်တော့်အနေနှင့် နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံပြီးမှ ရရှိနိုင်ခဲ့သည့် အမည်များနှင့်ဆိုင်သော မှန်ကန် ညီညွတ်မှု အရှိနိုင်ဆုံး လက်တွေ့ တွေ့ရှိချက်အချို့ကို …လေ့လာစူးစမ်းလိုသူ အချို့ အတွက် လက်တွေ့ အဖြေရှာ လေ့လာစူးစမ်းကြည့်နိုင်ရန် တင်ပြပေးလိုက်ရခြင်းသာ ဖြစ်လေသည်။
အနှစ်ချုပ်အားဖြင့်မူ တစ်ခုတော့ဖြင့် တိုက်တွန်းလိုပါသည်။ တစ်ကယ်သိချင် ..တစ်ကယ်လေ့လာပါ။ အချို့သော ဗေဒင်ပညာရှင်များ …မဖြစ်နိုင်ဟု မျက်စိမှိတ် ငြင်းခုန်နေကြသည်ကို တွေ့မြင်နေရပါသည်။ အကြောင်းအရာ တစ်ခုကို ဝေဖန်လိုလျှင် ..ထိုအကြောင်းအရာကို အစမှ အဆုံး …အဆုံးမှအစ အပြန်အလှန် လေ့လာစူးစမ်းပြီးမှ ဝေဖန်ခြင်းသည်သာ အကောင်းဆုံး အသင့်လျော်ဆုံး ဖြစ်သည်။ မျက်မမြင် ပုဏ္ဏား ဆင်စမ်းသလို ဝေဖန်နေခြင်းဖြင့်တော့ အကျိုးမရောက်နိုင် ။ ကိုယ့်အရှက်ကိုယ်ကို ခွဲနေသည်နှင့်သာ တူပေလိမ့်မည်။
အမည်များကို လက်တွေ့လေ့လာစူးစမ်းနိုင်စေရန် …….
(၁) လှုပ်ရှားမှု လုပ်ငန်းနယ်ပယ်ပိုင်ရှင်များ
အငြိမ်မနေနိုင်သော အမည်များ ဆိုတာကတော့ အပါဒါနကာရက အမည်များပဲ ဖြစ်ပါတယ်။ ဘာကြီးလဲဟ အပါဒါန ကာရကအမည်များ ဆိုတာကို သိလိုရင်တော့ အောက်မှာပါတဲ့အတိုင်း မှည့်ခေါ်ထားသူများ လို့သာ အလွယ်မှတ်ကြပေတော့။ စုစုပေါင်း အပါဒါန ကာရက အမည်ရှစ်မျိုးရှိပါတယ်။ လေ့လာကြည့်ပါ။
အပါဒါနကာရက အမည်များ
တနင်္ဂနွေနံ အစ + ကြာသာပတေးနံ အဆုံး (အောင်ပိုင်၊ အေးမင်း၊ အေးအေးမြင့်၊ အုန်းဖေ)

တနင်္လာနံ အစ + ရာဟုနံ အဆုံး (ခင်မောင်ရွှေ၊ ငုဝါရွှေ၊ ခိုင်ဝေရီ၊ ကျော်မင်းရှိုင်း …စသည်)
အင်္ဂါနံ အစ + သောကြာနံ အဆုံး (ဆွေသူ၊ စူစီသိန်း၊ ဇော်မင်းသန့်၊ ညွန့်ဟန်..စသည်)
ဗုဒ္ဓဟူးနံ အစ + တနင်္ဂနွေ နံ အဆုံး(၀င်းအောင်၊ ယုယုအေး၊ ယမင်းဦး၊ လွင်လွင်အေး.စသည်)
ကြာသာပတေးနံ အစ + အင်္ဂါနံ အဆုံး (ပွင့်လဲ့စိုး၊ ဖြူဖြူဆွေ၊ ပုလဲဇင်၊ မိုးမြင့်ဇော်..စသည်)
သောကြာနံ အစ + စနေနံ အဆုံး (သုတ၊ သာဓု၊ သမုဒယနိုင်၊ သန်းထိုက်၊ သူသူထွန်း)
စနေနံ အစ + တနင်္လာနံ အဆုံး (တင်မာခိုင်၊ တက်တိုးကျော်၊ ထွန်းမင်းခန့်၊ နီလာခင်)
ရာဟုနံ အစ + ဗုဒ္ဓဟူးနံ အဆုံး (ရဲမင်းဝင်း၊ ရွှေဇင်ဝင်း၊ ရီရီလွင်၊ ရွှေမိုးလူ..စသည်)
……….အစရှိသော အမည်အမျိုးအစား ရှစ်မျိုးဟာ အပါဒါန ကာရက အမည်တွေပါပဲ။
အထက်ပါကဲ့သို့သော အပါဒါနကာရက အမည်တွေနဲ့ မှည့်ခေါ်လိုက်တာနဲ့ လူတစ်ယောက်ဟာ ဘ၀မှာ ဂဏာငြိမ်ငြိမ် နေနိုင်စွမ်း လျော့ပါးလာပါတယ်။ တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းထွက်ခွာဖို့ အမြဲကြိုးစားမှု ပြုလိုလာ ကြပြီး…ခရီးသွားလာရတာကိုလည်း နှစ်ခြိုက်လာတတ်ကြပါတယ်။
ဒီအမည်မျိုးမှည့်ခေါ်လိုက်ပြီ ဆိုတာနဲ့ ကလေးသူငယ်ဘ၀မှာတင် …အမည်ရှင်တွေဟာ ..လှစ်ကနဲရှိ အိမ်ကနေ အပြင်ထွက်ဖို့ စိုင်းပြင်းလာတတ်ကြပြီး၊ ဘယ်သွားရအောင် ညာသွားရအောင် စသည်ဖြင့် လက်ညိုးထိုးပြ လာကြပါလိမ့်မယ်။ အပါဒါန ကာရက အမည်အမျိုးအစား ရှစ်မျိုးထဲမှာ စနေနံ အစ + တနင်္လာနံ အဆုံး အမည်အမျိုးအစား ဟာ ခရီးသွားလာမှု အပြုဆုံး အမည်အမျိုးအစားလည်း ဖြစ်ပါတယ်။
ဒါတွေသိတော့ ဘာအကျိုးရှိမှာမို့လဲ မေးခွန်းထုတ်နိုင်ပါတယ်။ လက်တွေ့လူမှုဘ၀မှာ အသုံးချနိုင်သော ဥာဏ်ရည် ရှိသလောက် အကျိုးရှိပါတယ်။ ဥပမာအားဖြင့် ..အဆိုပါကဲ့သို့သော အပါဒါနကာရက အမည်ပိုင်ရှင်တွေ အဖို့ ဘ၀မှာ ငြိမ်ငြိမ် ထိုင်နေပြီး လုပ်ကိုင်ရမယ့် အထိုင်လုပ်ငန်းမျိုးကို အရင်းအနှီး ကြီးကြီးမားမား စိုက်ထုတ် လုပ်ကိုင်မိခြင်းဟာ အမှားကြီးကြီး တစ်ခုပြုမိတာနဲ့ အတူတူပါပဲ။ အမည်က အပြင်ထွက်ဖို့ …တစ်နေရာမဟုတ် တစ်နေရာ သွားလာနေဖို့ တွန်းအား အမြဲ ပေးနေပြီး၊ ကိုယ့်လုပ်ထားတဲ့အလုပ်က … ဘယ်မှ သွားမဖြစ်လာမဖြစ်တဲ့ အလုပ်မျိုး ဖြစ်နေရင် …လုပ်ငန်း ကောင်းနေသည့်တိုင်အောင် အလုပ်လုပ်ရတာ မပျော်ပိုက်ဘဲ ဖြစ်လာပါမယ်။ နောက်ဆုံး မခံနိုင်တဲ့အဆုံး အရင်းအနှီးမြှပ်နှံပြီး သေချာအားစိုက်ထားခဲ့ရတဲ့ အလုပ်ကို စွန့်ပစ်လိုက်မိတော့တာပါပဲ။
တနည်းအားဖြင့်တော့ မိမိမှည့်ခေါ်ထားတဲ့နာမည် နဲ့ မိမိဇောက်ချလုပ်ကိုင် မိတဲ့ အလုပ်အမျိုးအစား သဟဇာတ မဖြစ်မှု အတွက် ရေရှည်မှာ အကျိုးမဲ့မှုနဲ့သာ ရင်ဆိုင်ရပါတော့တယ်။
ဒီကနေ့ … အပါဒါနအမည်ရှင်များစွာ ကို ပြောလိုတာကတော့ … ဖြစ်နိုင်သမျှ သွားလာလှုပ်ရှားရင်း အသက်မွေးရမယ့် လုပ်ငန်း နယ်ပယ်မျိုးကို ရွေးခြယ်နိုင်အောင် ကြိုးစားကြပါ ဆိုတာလေးပါပဲ။

(၂) တည်ငြိမ်သော လုပ်ငန်းနယ်ပယ် ပိုင်ရှင်များ
ပြောင်းပြန် …အပြန်အလှန် အားဖြင့် ….သြကာသကာရက အမည်ရှင်တွေကတော့….အထိုင်လုပ်ငန်း၊ အခြေချ ဇောက်ချ လုပ်ကိုင်ရတဲ့လုပ်ငန်း၊ အသွားအလာ နဲပါးတဲ့လုပ်ငန်းတွေနဲ့ အံဝင်ခွင်ကျ ဖြစ်ကြသူများ ပါပဲ။ သူတို့ကိုတော့…လှုပ်ရှားသွားလာနေရမယ့် လုပ်ငန်းမျိုး တွေ လုပ်ခိုင်းမိမယ်ဆိုရင် …ဒါမှမဟုတ် ကိုယ်တိုင်က ဖြစ်စေ …လှုပ်ရှားမှု များပြား မယ့် လုပ်ငန်းမျိုးတွေ လုပ်ကိုင်မိမယ် ဆိုရင် … … လိပ်ကို သစ်ပင်တက်ခိုင်းမိသလို အဆီအငေါ်မတည့် ဖြစ်လာကြရပြန်ပါတယ်။
ဒါကြောင့် သြကာသကာရက အမည်ရှင်မျိုးတွေကျတော့ …. စတိုးဆိုင်၊ ကုန်မာဆိုင်၊ ဟော်တယ်လုပ်ငန်း၊ အနားယူ အပန်းဖြေစခန်းများ ဖွင့်လှစ်ခြင်း၊ ပရိဘောဂဆိုင် ၊ ဆောက်လုပ်ရေး လုပ်ငန်းများ စသည်တို့ နဲ့ ပတ်သက် ဆက်နွယ်ပြီး လုပ်ကိုင်မှသာ အမည်နဲ့လုပ်ငန်း သဘာဝကျစွာ အင်အားပေး လှုံ့ဆော်မှုရရှိလို့ ပိုမိုအောင်မြင်နိုင်ကြတာကို တွေ့ရပါတယ်။
အထူးသဖြင့် သြကာသ ကာရက အမည်ရှင်တွေဟာ …သူတို့လုပ်ကိုင်မယ့် လုပ်ငန်းနယ်ပယ်ကို အခြေ ခိုင်မာမှု ရနိုင်သလောက် ကြိုးပမ်းအားထုတ်နိုင်ဖို့လိုပါတယ်။ ယာယီဆိုတဲ့ ဝေါဟာရ ဟာ သူတို့ရဲ့ အောင်မြင်မှုကို သတ်ဖြတ်နိုင်တဲ့ ဝေါဟာရတစ်ခု ပဲ ဆိုတာ မမေ့အပ်ပါ။ သြော….နေဦး…. သြကာသ ကာရက အမည်ရှင်ဆိုတာ ဘယ်လိုအမည်ရှင်တွေလဲ လို့ သိလိုသူများအတွက် အောက်မှာ လေ့လာပါ။
သြကာသ ကာရက အမည်များ
တနင်္ဂနွေနံ အစ + ရာဟုနံ အဆုံး (အောင်ရင် ၊ အေးအေးရီ၊ ဥမ္မာရွှေ၊ အေးမြရှိုင်း)
တနင်္လာနံ အစ + သောကြာနံ အဆုံး (ခင်မောင်သိန်း၊ ငြိမ်းချမ်းသော်၊ ခင်ခင်သွယ်၊ ကျော်မင်းသန့် …စသည်)
အင်္ဂါနံ အစ + တနင်္ဂနွေနံ အဆုံး (ဆွေလှိုင်ဦး ၊ ဇီဇ၀ါအောင်၊ ဆုဆုအေး၊ ဇော်မြင့်ဦး..စသည်)
ဗုဒ္ဓဟူးနံ အစ + တနင်္လာနံ အဆုံး(၀င်းကို ၊ ယုယုခိုင်၊ ယဉ်ယဉ်ငြိမ်း၊ လွင်မင်းခန့်…..စသည်)
ကြာသာပတေးနံ အစ + ဗုဒ္ဓဟူးနံ အဆုံး (မိုးမြင့်ဝင်း ၊ မာလာဝေ၊ မိုးသူဇာလင်း၊ ဖူးဖူးဝေ ပိုင်ဇေယျာ ၊ ဖွေးဖွေးလဲ့ ..စသည်)
သောကြာနံ အစ + ကြာသာပတေးနံ အဆုံး (သုတမိုး ၊ သင်းပပ၊ ဟန်မင်း၊ သော်တာဖြိုး၊ သီတာမော်၊ သော်သော်မြင့်၊ သန်းမြင့်….စသည်)
စနေနံ အစ + အင်္ဂါနံ အဆုံး (တေဇာစိုးစိုး ၊ ထွန်းတောက်ဇော်၊ တင်နီလာစံ၊ တိုးဝေဇင်…စသည်)
ရာဟုနံ အစ + စနေနံ အဆုံး (ရဲတင့် ၊ ရွှေဝါထွန်း၊ ရီရီတင်၊ ရဲမင်းနိုင်၊ ရှိုင်းအောင်နိုင်၊..စသည်)
……….အစရှိသော အမည်အမျိုးအစား ရှစ်မျိုးဟာ သြကာသ ကာရက အမည်တွေပါပဲ။
အဲဒီ့လိုပါပဲ…မူလဇာတာတွေမှာလည်း အပါဒါနဂြိုဟ်အားကောင်းသူမျိုး သို့တည်းမဟုတ် အားကောင်းချိန် မျိုးမှာ …လှုပ်ရှားမှု လုပ်ငန်းနယ်ပယ်မျိုး လုပ်ကိုင်မိခြင်းသည်ဖြစ်စေ…၊ သြကာသဂြိုဟ် အားကောင်းသူမျိုး … သို့တည်းမဟုတ် ..အားကောင်းချိန်မျိုး မှာ .. တည်ငြိမ်မှု လုပ်ငန်းနယ်ပယ်မျိုး မှာ လုပ်ငန်း လုပ်ကိုင်မိခြင်းသည်ဖြစ်စေ …အကျိုးစီးပွား ဖြစ်ထွန်းစေတဲ့ အချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။
သို့တည်းမဟုတ်ပါဘဲ……..အပါဒါနဂြိုဟ် ပျက်ပြားနေချိန်မျိုးမှာ …ကုန်ရောင်းထွက်တာမျိုး၊ ကုန်ထုတ် လုပ်ငန်း လုပ်ကိုင်မိတာမျိုး ၊ သြကာသဂြိုဟ်အားကောင်းနေချိန်မှာ ကုန်ရောင်းဖို့ ကြိုးစားမိတာမျိုး ဆောင်ရွက်မိရင် ….အကျိုး ပျက်ပြားရတတ်ပါတယ်။ သြကာသကာရကဂြိုဟ် အားကောင်းလေလေ ကိုယ့်ဆီမှာ ကုန်တွေပုံလာလေလေ ပါဘဲ။ အဲဒီ့လိုမျိုးကြုံကြိုက်လာချိန်မှာ…အကောင်းဆုံးကတော့ … ကိုယ့်မွေးနံရဲ့ အပါဒါနဂြိုဟ်တိုင်ထောင့်မှာ တရားထိုင် ၊ ပုတီးစိတ်၊ ကောင်းမှုကုသိုလ်ပြု ၊ အဓိဌာန်ဝင် ..စသည်ဖြင့် ပြုလုပ်ခြင်းမျိုးဖြင့် ပြုပြင်ပြောင်းလဲ ယူရပါတယ်။ တစ်ချို့တွေလည်း ကျွန်တော် ရေးတဲ့စာကို ဖတ်ပြီး ယုံချင်မှ ယုံကြပါလိမ့်မယ်။ ယုံပါလို့တော့ ကျွန်တော် မတိုက်တွန်းလိုပါ။
သို့သော်..ဒီအချက် ဒီအချက်လေးတွေဟာ …ကျွန်တော်ကိုယ်တိုင် ဈေးလောကမှာ ကျင်လည် ကျက်စားစဉ် ကာလများက လေ့လာစူးစမ်း မှတ်တမ်းတင်လာခဲ့ပြီး ..ယခုလို စာပေရေးသားခြင်း ပြုနိုင်ချိန်မှာ ပြန်လည် တင်ပြ အကျိုးပြုလိုခြင်းသာ ဖြစ်ပါတယ်။ အိုခေ..ထားပါတော့…ဆက်လက်ပြီး တင်ပြရရင်…….။
သြကာသကာရက လုပ်ငန်းပိုင်ရှင်တွေကျတော့ အပါဒါနဂြိုဟ် ကို ကြောက်ရပြန်ပါတယ်။ ဘာလို့လဲ ..သူက အထိုင်သမားလေ။ အငြိမ်သမား ။ အဲဒီ့အငြိမ် သမားကို အရွေ့ဓါတ် သင့်လာရင် ….ကိုယ့်ဆရာတို့ရေ ..ရန်ကုန်က သီရိမင်္ဂလာ ဈေးကြီးတောင် နေရာရွေ့သွားတယ်ဗျား။ သာမန် လုပ်ငန်း ၊ ဆိုင်ခန်း၊ မားကက်လေးတွေလောက်ကတော့ မပြောနဲ့တော့။ စက်ရုံကြီးတွေထောင်ထားတယ်။ အပါဒါနဓါတ် သင့်လာတယ်။ ဘာဖြစ်လာသလဲ…ပထမဆုံး စက်ရုံက အလုပ်သမားတွေ ထွက်ကုန်တယ်။ တိုက်ဆိုင်တာ တစ်ခုက …မီးဘေးသင့်ချင်လာပါတယ်။ ဒါကတော့ ဘယ်အချက်ကြောင့်လို့ ကျွန်တော် သေချာ မပြောပြနိုင်သေးပါ။ သို့သော် လေ့လာမှတ်တမ်းတင်ခဲ့သလောက်ကတော့ …အပါဒါနဓါတ် ဖောက်ပြန် နေချိန်မျိုးမှာ … အဆိုပါကဲ့သို့သော စက်ရုံအလုပ်ရုံများမှာ .. မီးဘေးသင့်တာမျိုးကို မကြာခဏ တွေ့ရဖူး ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသော်လည်း ဖြစ်ကောင်းဖြစ်ပါမယ်။ သို့ပေမင့် သတိပြုစရာပါဘဲ။
ကဲ…ဒီတစ်ခေါက် အမည်သုတအဖြာဖြာကိုတော့ သည်မှာပဲ နိဂုံးချုပ်ပါရစေ။ အားလုံးသော စာဖတ်သူများကို တိုက်တွန်းလိုတာကတော့ အမည်တွေကို မထီမဲ့မြင် အလေးမထား မမှည့်ကြပါနဲ့။ အမည်တွေက လူတွေကို ဘာမှ မလုပ်ပါ။ သို့သော် အမည်တွေမှာ ရှေ့ဖြစ်လာမယ့် အကျိုးဆက်တွေရဲ့ အကြောင်းတရားပုံရိပ်တွေ ထင်ဟပ်နေတယ် ဆိုတာကတော့ အမှန်ပါပဲ။ မောင်ဖြူလို့ မှည့်ချင်လည်း ရပါတယ်။ မောင်မဲလို့ ပြောင်းချင်လည်း ရပါတယ်။ ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ …အကြောင်းမဲ့ တော့ မဟုတ်ပါ။ အရာအားလုံးဟာ အကြောင်းအကျိုး ဆက်နွယ်နေကြတယ်ဆိုတာကို သတိပြုမိဖို့ တိုက်တွန်းရင်း………………ဖြင့် …။
လေးစားရပါသော စာဖတ်ပရိသတ်အတွက်

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
No comments:
Post a Comment