ဘဝကို လင့်စင်ထိုး ခပ်ရိုးရိုးမျှော်နေတော့မယ်
တခါခါ င့ါအိပ်မက်တွေကျပျောက်သွားလည်း
ပြန်မရှာရတော့ဘူး
ဒါဆိုရင်..
ခပ်ရိုင်းရိုင်း လေပြေတစ်ဝက်နဲ့ 
ခြေသံတွေလည်း တိတ်ပေါ့..
ငါ့ပိုင်တာဆိုလို့ 
မင်မခြောက်သေးတဲ့ ဒဏ်ရာတဝက်တပျက်နဲ့ 
ထည့်မလောက်တဲ့ ရင်ဘတ်တစ်ခုရယ်..
လုံလောက်နေပါပြီ။
ငါ့ဆီ နာမတစ်ခု အမှတ်မထင်ရောက်လာတယ်
“ကဗျာဆရာ”တဲ့
အဲ့လိုသာ ပြည့်စုံနေရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဗီဇနဲ့ ခံစားချက်မှာ ဘာရသ ဘာမှမရှိ..
ငါ့ကိုငါ ခပ်တင်းတင်းပဲ ငြင်းပါတယ်“မခံယူဝံ့ပါ”။
ခေတ်လည်းမပြိုင်၊ခေတ်လည်း မပိုင်
ခေတ်နဲ့ ဆိုင်နေလို့ 
မယုံတဝက်ပုံပြင်ပြောတမ်းမှာ
အတော်တောင်ခရီး ပေါက်နေပြီ။
အမှောင်ကြောက်လို့  ချောင်ခိုလျှောက်ကာမှ
အလင်းကလည်း ပျောက်။
ညအိပ်ယာဝင် ဝေဒနာပုံပြင်တွေမှာ
သဇင်ပန်းနဲ့  စံပယ်ပန်း ရနံ့ နမ်းရှိုက်ခြင်းအတွက်
သင်ခန်းစာကို အခါခါ ငါမကြေခဲ့ဘူး။
ဝေဒနာတွေ ရထားတစ်စင်းသာ ဖြစ်လိုက်ပါတော့လား
ခံစားမှုသံစဉ်တွေ ဥသြသံလို သံရှည်စွဲရအောင်။
ခင်ဗျားတို့ ပဲ စဉ်းစားကြည့်။
ကြင်နာသူတစ်ယောက် ကောက်ရပါတယ်
ချစ်ခြင်းမေတ္တာကိုမှ ဓနဥစ္စာတွေနဲ့ ချောက်ချပြီး
မာနကိုမှ ဖိနပ်စီးချင်လို့ တဲ့...
ထွက်သွားချိန်ထိတိုင် ချွတ်မသွားတာ“အံ့ပါရဲ့ဗျာ”
ဟောဒီ့-
ကာရံမိုး၊စက္ကူကာတဲ့ အိမ်မှာမှ
မိုင်ထောင်ချီနေတဲ့ အတ္တ မာနတွေ
နားထောင်ပေးရလောက်အောင်
အလင်းတိုင်မှာ မီးစာမှမလုံလောက်တာ
ဘယ်လိုလုပ်ပေးရမှာလဲ...........
No comments:
Post a Comment