တစ်နေ့သ၌ မဟာချိုင်-နေ၀စ်ရှိ
ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအ တွင်းသို့ လွန်စွာ အကြောက် ကြီးသော ဒေါ်သတ္တိဟူသော
အဖွားကြီး တစ်ဦး ရောက်ရှိလာလေ၏။ ထိုအဖွားကြီး သည် စကားပြောလျှင် အကျယ်ကြီး
ပြောတတ်၏။ အော်ကြီးဟစ်ကျယ် ပြောတတ်၏။ သူ၏ခါးကို တစ်စုံတစ်ယောက်မှတို့၍ စလျှင်
ပေါက်တတ်ကရ ထ၍ ယောင်တတ်လေ၏။ ထိုအဖွားကြီးလာလျှင် ကျွန်ုပ်အခန်းမှ တပည့်များသည်
ထိုအဖွားကြီး၏ ခါးကို တစ်ယောက်ပြီး တစ်ယောက်တို့၍ ထိုအဖွားကြီး ပေါက်တတ်ကရ
ယောင်သည်ကို ၀ိုင်းဝန်းသဘောကျ ရီမောကြလေ၏
ထိုအဖွားကြီးသည် သူ့အား ဘယ်လောက်ပင်စစ ၊ ဘယ်လောက် ပင်နောက်နောက် စိတ်ဆိုးသည် ဟူ၍မရှိပေ။ လွန်စွာ သဘောကောင်း၍ ကျွန်ုပ်၏ အခန်းတွင်းမှ တပည့်ကလေး များနှင့်လည်း ရင်းနှီးခင်မင် နေလေ၏။ သို့သော် ထိုအဖွားကြီးတွင် အားနည်း ချက်တစ်ခုတော့ရှိ၏။ ထိုအားနည်း ချက်မှာ တခြား မဟုတ်ပေ။ အလွန်အမင်း ကြောက်တတ်ခြင်း ပင်ဖြစ်၏။ သို့သော် သူသည် လူအချင်းချင်း ကြောက် သည်ကား မဟုတ်ပေ။ သူကြောက်သည်ကား မမြင်ရသော ပရလောက နာနာဘာဝ၊ ၀ိနာဘာဝ၊ တ စ္ဆေ၊သရဲ များနှင့် စုန်းကဝေစသော အောက် လမ်းတိုက်မျိုးစုံတို့ကို အစွဲအလမ်းကြီး စွာ ကြောက်လန့်တတ်သည်ဟူ၏။
သူ့အား သူများတွေက မကောင်းတဲ့ အတတ်တွေနဲ့ ပြုစားစီရင်မှာကို အမြဲတမ်း တွေး၍ ကြောက်နေသည်ဟု သူက ပြောပြဖူးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ဒေါ်သတ္တိဟု နောက်ပြောင်၍ နာမည်ပေးထားခြင်း ဖြစ်၏။ ဒေါ်သတ္တိဟု အမည်ရသော အလွန် ကြောက်တတ်သော အဖွားကြီးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ရောက်ရှိလာလေ၏။ ထိုအဖွားကြီးသည် ကျွန်ုပ်၏ ဟောခန်းအတွင်းသို့ ၀င်လာပြီးလျှင် ရောက်မဆိုက် တစ်ယောက်တော့ သွာပြန်ပြီ ဆရာလေးရေ။ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်ဟု အသံကျယ်ကျယ်ဖြင့် လှမ်း၍ပြောရင်း ၀င်ထိုင်လေ၏။
ထိုအခါ ကျွန်ုပ်က ဘယ်လိုဖြစ်တာလည်း ဒေါ်သတ္တိရယ်။ အေးအေးဆေးဆေး ထိုင်ပဲ ထိုင်စမ်းပါဦး။ ဘယ်သူသွားတာလဲ။ ဟို…ဒေါ်သတ္တိ သမီး အငယ် ဆုံးလေး လင်နောက်လိုက်သွား တာကို ပြောတာလားဟု ကျွန်ုပ်က လှမ်းနောက်လိုက်ရာ မဟုတ်ဘူး ဆရာလေးရေ။ မဟုတ်ဘူး။ အခုဟာက ကျွန်မတို့ အလုပ်ရုံမှာ ကောင်းမလေး တစ်ယောက် သူများက အောက်လမ်းနဲ့ တိုက်သတ်လို့ သေသွားတာ။ ပူပူနွေး နွေးပဲ ရှိသေးတယ် ဟုပြောလေ၏။
ထိုအခါ ကျွန်ုပ်ကဟုတ်ရဲ့လား ဒေါ်သတ္တိရယ် သူဟာသူသွေးရိုးသားရိုး ဆုံးသွားရှာ တာဖြစ်မယ်ထင် ပါတယ်ဗျာ။ ခင်ဗျားမလဲ တစ်ဆိပ်ရှိ ဒီအောက်လမ်းပဲ စိတ်စွဲနေတော့ တာပဲဟုကျွန်ုပ်က ပြောလိုက်လျှင် အော်…..ဗေဒင်ဆရာက မယုံဘူးလား။ မယုံရင် လိုက်ခဲ့ပါလား။ မနေ့ကမှ သူ့အလောင်းကို ဆေးရုံ ပို့လိုက်တာ။ ဆေးရုံက ဆရာဝန်တွေ စမ်းသတ်ခွဲစိပ် ကြည့်တော ဒီကောင်မလေး ရင်ဘတ်ထဲက ကလီစာတွေ အကုန်ကြွေကျနေတာ ဆရာဝန်တွေတောင် အံသြသွားတယ် ။ငါတော့ ညက တစ်ညလုံး မျက်လုံးကြောင်းပြီး လုံးဝကို အိပ်မရဘူး။ ကြောက်လိုက်တာဟယ်
ပြီးတော့ ရှိသေးတယ်။ နင် ရန်ကုန်ပြန်နေတုန်းက ငါတို့ရုံကို ဗေဒင်ဆရာမတစ်ယောက် ဗေ ဒင်လာကြည်တယ်။အဲဒီဗေဒင်ဆ ရာမက ငါ့ကိုဟောတယ်။သူများ မကောင်းကြံထားတာ ရှိတယ်တဲ။ အဲဒါကုရမယ်။ မကုပဲထားရင် သေကိန်းမြင်တယ် တဲ့။ အဲဒီတော့ ငါက ကုရင် ဘယ်လောက်ကုန်မလဲဆိုတော့ သိတ်မများပါဘူး (၁) သောင်းလောက် ကုန်မယ်ဆိုလို့ ပိုက်ဆံမရှိတာနဲ့မနည်းအောင့်နေလိုက်ရတယ်ဟု မဲ့ကာရွဲ့ကာဖြင့်ပြောပြလေ၏။
ထိုအခါ ကျွန်ုပ်က သိပ်လည်း အစွဲအလမ်း မကြီးပါနဲ့ ဒေါ်သတ္တိရယ်။ တစ်ခါတစ်လေ ကျတော ကိုယ့်စိတ်က စွဲလမ်းနေလို့လည်း ဥပါဒ် ရောက်တတ်ပါတယ်။ ကြားဖူးတယ် မဟုတ်လား ဥပါဒါန်ကြောင့်-ဥပါဒ်ရောက်ဆို တာလေ။ ကိုယ်စိတ်က ဒီမကောင်းတဲ့ အရာတစ်ခုကို အလွန်အကျွန် စွဲလမ်းနေပြီ ဆိုလို့ရှိရင်လည်း မ ကောင်းတဲ့ ဆိုးကြိုးတွေ အဖြစ် များတတ်တယ်။ ဒါကြောင့် ရှေးတုန်းက ပညာရှင်တွေက ဥပါဒါန်ကြောင့် ဥပါဒ်ရောက် တတ်တယ်။ မကောင်းတာတွေ သိပ်အစွဲအလမ်း မထားကြနဲ့လို့ ဆုံးမထားခဲ့တာပေါ့။ ပြီးတော့ ရှိသေးတယ်။ ခင်ဗျားတိုက ဗေဒင် သွားမေးတယ်ဆိုရင် ဗေဒင် ဆရာပြောတာ မျက်စိမှိတ် ယုံကြတာပဲ။
တကယ် ဟုတ်သလား မဟုတ်ဘူးလား နည်းနည်းလေးတောင် မစဉ်းစားဘူး ။ တစ် ချို့စစ်မှန်တဲ့ ဗေဒင်ပညာရှင်တွေ ရှိပါတယ်။ တစ်ချို့ကြတော့ တမင် ငွေတွေ အလွန်အကျွန် မတရားလိုချင်လို့ လုပ်စား နေကြတဲ့ လူတွေ လည်းရှိတာပဲ။ ဒါတွေကတော့ နေရာတကာမှာ ရှိတယ်။ အရေးကြီး တာက ခင်ဗျားတို့က ဒါ…ဟုတ်သလား။ မဟုတ်ဘူးလား။ မှန်သလား။ မမှန်ဘူးလား ဆိုတာက တော့ ကိုယ်ကိုယ်တိုင် စဉ်းစားရမယ်။
ကျွန်တော်တို့ မြတ်စွာဘုရားတောင် ဒီလိုဟောထားခဲ့ သေးတာပဲ။ ငါဘုရား ဟောတယ် ဆိုပြီးတော့လည်း မယုံနဲ့တဲ။ ကိုယ်ကို တိုင် စဉ်းစား ချင့်ချိန်ပြီးမှ ယုံသင့်မှ ယုံတဲ့။ ဒါတောင် ဘုရားက ယုံ သင့်မှ ယုံလိုပဲ ဟောတာနော်။ ယုံကိုယုံရမယ်လို့ ဟောတာမဟုတ် သေးဘူဟု ပြောလိုက်လျှင် ဒေါ်သတ္တိက .....
ဆရာဟာလေ….၊တော်တော်ကို လျှာရှည်တာပဲ။ ဒီက ဒါတွေကို ကြောက်လို့ ယတြာ တောင်းပါ တယ်ဆိုမှ စကားပြောတာ မပြီးနိုင်တော့ဘူး။ လိုရင်းတိုရှင်းပြောပေါ့ဟု ပြောလိုက်သောကြောင့် ကျွန်ုပ်က
ဒါလေးများ ဒေါ်သတ္တိရယ်….၊ မြေစလောင်းဖုံး ပါတဲ့ မြေအိုးလေးတစ်လုံး ၀ယ်လိုက်ဗျာ။ ဓါတ်မိသွားအောင် သုံးလေးရက်လောက် ချက်တဲ့ ပြုတ်တဲ့နေရာမှာ သုံးလိုက်ပေါ့။ ပြီးတော့ အဲဒီစလောင်းဖုံးကို ပက်လက်လှန်ပြီး အခွက်လေးထဲမှာ ဖယောင်းတိုင် ထွန်းရမယ်။ ဘာမကောင်းတဲ့ အတတ်ပညာတွေနဲ့ လုပ်ထားလုပ်ထား အားလုံး ပျက်ပျယ် သွားပါလိမ့်မယ်ဟု ပြောပြလိုက်လေလျှင် ....ဒေါ်သတ္တိက
ဆရာ့ စလောင်းဖုံးလေးက အောက်လမ်းကိုရော နိုင်ပါ့မလားဟု အထွန့်တက်သဖြင့် ကျွန်ုပ်က ဒီလိုလေဗျာ။ လောကကြီးမှာ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာအားလုံးဟာ ဒီမဟာပထ၀ီ မြေကြီးပေါ်မှာ အမှီပြုပြီး ရပ်တည် နေကြရတာ မဟုတ်လား။ ပြီးတော့ ဒီလောကကြီးမှာ မဟာပထ၀ီ မြေကြီးဆိုတာ အရာအားလုံးထက် အတည်တန့်ဆုံး အခိုင်မြဲဆုံး အရာမဟုတ်ဘူးလား။ စလောင်းဖုံးဆိုတာကလည်း ဒီမဟာပထ၀ီ မြေကြီနဲ့ လုပ်ထားတာ မဟုတ်လား ဒေါ်သတ္တိရဲ့။ သူကို ပက်လက် လှန်လိုက်တဲ့အခါ မဟာပထ၀ီ မြေကြီကို ပြောင်းပြန်လှန်ပစ် လိုက်သလို ဖြစ်သွားတော့တာပေါ့။
မြေလှန်ပစ်လိုက်မယ်.. ဆိုတဲ့ စကားကို ကြားဘူးတယ် မဟုတ်လား။ အင်မတန် တည်တန့်ခိုင်မြဲ ပါတယ်ဆိုတဲ့ မဟာပထ၀ီ မြေကြီးတောင် အထက်အောက် ပြောင်းပြန်လန်သွားပြီဆိုတဲ့ နောက်တော့ ဒီမကောင်းတဲ့ အောက်လမ်းတိုက် အင်းတိုက် ၊ စုန်းတိုက်စတဲ့မ ကောင်းတဲ့အတတ် ၊ မကောင်းတဲ့ ပညာ ၊ မကောင်းတဲ့ ပညာတွေ လောက်တော့ အသာလေးနိုင် တာပေါ့ဗျာ။
အဲဒီ စလောင်းဖုံးကို ပက်လက် လှန်ပြီး မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ဖယောင်းတိုင် ထွန်းပြီး ဆုတောင်း လိုက်ပေါ့ဗျာ။ (၉)ရက် ဆက်တိုက် ထွန်းလိုက်ရင် အားလုံး အကြွင်းအကျံ မရှိ ပြေပြောက် သွားပါတယ် ဗျာဟု ကျွန်ုပ်က အသေးစိပ် ပြောပြလိုက်လေလျှင် ဒေါ်သတ္တိကြီးက ကောင်းတယ် ဆရာရေ… ကောင်းတယ် ၊ ကောင်းတယ် ။ အခုဆိုရင် ဘာမှ ကြောက်စရာ မလိုတော့ဘူး ဒေါ်သတ္တိတို့ကတော့ နာမည်နဲ့ လိုက်အောင် သတ္တိ ကောင်းတော့မှာပဲ။ ပြန်မှ နေ၀စ်ဈေးမှာ ၀င်ပြီး အိုးနဲ့ စလောင်းဖုံး တစ်ခါထဲ ၀င်ဝယ်သွားမယ်။
စလောင်းဖုံး တစ်ချပ်နဲ့ အလုပ်ရုံ တစ်ရုံလုံးက အောက်လမ်းတတ်တဲ လူတွေကို လိုက်ပြီး စိန်ခေါ် ပစ်လိုက်မယ်။ ငွေလည်း ထောင်နဲ့ သောင်းနဲ့ချီပြီး ကုန်စရာမလို တော့ဘူး။ ဒီနေ့ကစပြီး ဒေါ်သတ္တိ ဘယ်အောက်လမ်းကိုမှ မကြောက် တော့ဘူးဟေ့….၊ အောက်လမ်းတွေ စုန်းမတွေ ကဝေမတွေ စလောင်းဖုံးနဲ့တွေ့ မယ်ဟေ့ ဟုအော်ကြီး ဟစ်ကျယ်ပြော၍ ပေါ့ပါးသော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းမှ ပြန်သွား လေတော့သတည်း။

No comments:
Post a Comment